QR code အကြောင်း


QR code ကို ၁၉၉၄ ခုနှစ်မှာ ဂျပန်လူမျိုး Masahiro Hara ဆိုသူကဦးဆောင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အဲဒီ့အချိန်က Denso Wave ဆိုတဲ့ တိုယိုတာရဲ့ လက်အောက်ခံ ကားပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီမှာအင်ဂျင်နီယာအဖြစ်လုပ်ကိုင်နေတာပါ။ QR code ကိုတီထွင်ရခြင်း ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ထုပ်ပိုးထားတဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေကို မှတ်တမ်းတင်ခြေရာခံဖို့ဖြစ်ပါတယ်။ 

ခုချိန်မှာတော့ QR code ကို ကြော်ငြာတွေ၊ လိပ်စာကဒ်တွေ၊ မီးရထား၊ကား၊ စတိတ်ရှိုးလက်မှတ်တွေ၊ ဘဏ်လုပ်ငန်းငွေးပေးချေမှုတွေ စသဖြင့်နေရာကဏ္ဍစုံမှာ တွင်ကျယ်စွာအသုံးပြုနေကြတာတွေ့ရမှာပါ။ ဒီလိုအကျိုးရှိတဲ့တီထွင်မှုကြောင့်ပဲ သူနဲ့သူ့ရဲ့အဖွဲ့သားတွေဟာ ၂၀၁၄ ခုနှစ်မှာ ဥရောပကပေးအပ်တဲ့ European Inventor Award ကိုရရှိခဲ့ပါတယ်။ ။ 

QR code ရဲ့ အားသားချက်တွေကတော့။ 

၁. barcode လိုကိန်းဂဏန်းတွေကိုသာမက စာသားတွေ၊ website address တွေ၊ ဖုန်း contacts တွေစသဖြင့်သိမ်းပေးနိုင်ပါတယ်။

၂. Scanner သီးသန့်မလိုပဲ smartphone ကင်မရာဖြင့်အလွယ်တကူ ဖတ်နိုင်ပါတယ်။

၃. Error correction စနစ်ထည့်သွင်းထားတဲ့ အတွက် တစိတ်တပိုင်းပျက်စီးနေတဲ့  QR code တွေကိုလည်း မှန်ကန်တိကျစွာဖတ်နိုင်ပါတယ်။

နောက်ပြီး www.qr-code-generator(.com) လို website တွေမှာ ကိုယ်ပိုင် QR code တွေကိုအခမဲ့ဖန်တီးနိုင်ပြီး အလွယ်တစ်ကူ download လုပ်နိုင်ပါတယ်။

ဥပမာ vCard ကိုရွေးပြီးကိုယ့်ရဲ့နာမည် ဖုန်းနံပါတ်နဲ့ အချက်အလက်တစ်ချို့ကိုထည့်လိုက်မယ်ဆိုယင် ဒီ website က QR code တစ်ခု ကိုထုတ်ပေးမှာဖြစ်ပါတယ်။ ဒီ QR code ကို ဖုန်းနဲ့ scan လိုက်တဲ့အခါ စောဏကထည့်ထားတဲ့ ကိုယ့်ရဲ့ အချက်အလက်တွေဟာ ဖုန်းထဲက contacts ထဲကိုအလိုအလျောက်ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီ QR code ကို ကိုယ့်ရဲ့လိပ်စာကဒ်တွေ လုပ်ငန်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ်ထားနိုင်ပါတယ်။

ကွန်ပျူတာ ဗိုင်းရပ်ရှိတဲ့ လင့်တွေ website အတုတွေရဲ့ လင့်တွေ ကိုလည်းသိမ်းထားနိုင်တာကြောင့် QR code တွေ့တိုင်း scan မလုပ်ဖို့တော့ သတိပေးပါရစေ။

ပုံထဲမှာတော့ ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်ဖို့ တရုတ်ပြည်ရဲ့  Xilinshui ဆိုတဲ့ ရွာကလေးက လည်ပတ်စရာနေရာတွေဖော်ပြပေးထားတဲ့ website QR code ကို သစ်ပင်ပေါင်း တစ်သိန်းသုံးသောင်ကျော်နဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။နောက်တစ်ပုံကတော့ QR code ကို ဦးဆောင်တီထွင်ခဲ့သူ Mr Masahiro Hara ပဲဖြစ်ပါတယ်။