AI တွေရဲ့ စွမ်းပကားနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး


အဆောက်အဦးတစ်ခုရဲ့ အတွင်းပိုင်းကိုရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကိုပြလိုက်ယုံနဲ့ ဒါဘယ်နေရာလဲဆိုတာကို ဒီ AI က တိတိကျကျပြောနိုင်ပါတယ်တဲ့။ 

ဓါတ်ပုံထဲမှာ အထင်ကရနေရာတွေ၊ GPS data တွေမပါလဲရတယ်။

ဒါဖြစ်နိုင်လား၊ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံမှု ရှိသေးရဲ့လား?

AI ကို Train စဉ်တုန်းက သုံးခဲ့တဲ့ သန်းနဲ့ချီတဲ့ ဓါတ်ပုံတွေထဲမှာအိမ်တွေ ဟိုတယ်တွေ ရုံးတွေ စားသောက်ဆိုင်တွေ ရဲ့ ဓါတ်ပုံတွေပါဝင်ပြီးတော့ အဲ့ဒါတွေအားလုံးဟာ အင်တာနက်ပေါ်မှာရှိနေပါတယ်။ ဒီတော့ AI ကို ဓါတ်ပုံပြပြီးမေးလိုက်ယင် သူက Train ခဲ့တုန်းက ဓါတ်ပုံတွေကို ပြန်ကိုးကားပြီး နေရာကိုခန့်မှန်းပေးတာပါ။ ကြောက်စရာကောင်းလောက်အောင် မှန်ကန်ပါတယ်တဲ့။

ဒီ AI ကိုဘယ်နေရာတွေမှာ အသုံးချမလဲ?

  • ရာဇဝတ်မှုတွေကို ခြေရာခံတဲ့အခါ
  • အန္တရာယ်တစုံတရာ ကျရောက်နေပြီးကယ်ဆယ်ရေးတွေကို ကိုယ်ရောက်နေတဲ့နေရာမပြောပြတတ်တဲ့အခါ
  • သတင်းထုတ်ပြန်ဖို့ ဒါမှမဟုတ် လုံခြုံရေးအတွက် နေရာဒေသတွေကို အတည်ပြုဖို့ လိုအပ်တဲ့အခါ

စသဖြင့်အသုံးချနိုင်ပါတယ်။

ဒီ AI ကို လူတိုင်းကအလွယ်တကူ သုံးနိုင်တယ်ဆိုယင် ကျွန်တော်တို့လို သာမန်လူတွေ အတွက်ရော လုံခြုံမှုရှိနိုင်သေးရဲ့လား?

ဘာရယ်မဟုတ်ပဲ အင်တာနက်ပေါ်မှာတင်လိုက်တဲ့ဓါတ်ပုံလေးတစ်ပုံဟာ ကိုယ်ဘယ်နေရာရောက်နေလဲဆိုတာကို ပြောပြနိုင်တယ်။ ရွှေတိဂုံဘုရားကြီးနောက်ခံထားမှမဟုတ်ဘူးနော်။ သစ်ပင်အစုလေးတစ်စု တောင်ကုန်းလေးတစ်ခုဟာလည်း ကိုယ့်တည်နေရာကို ညွှန်ပြနေမယ်ဆိုယင် …… ။

ဒီ AI tool ကို GeoSpy လို့ခေါ်ပါတယ်။

အခန်းနံရံကို ဆေးရောင်ပြောင်းသုတ်ထားတာတို့၊ ပရိဘောဂတွေကိုနေရာအပြောင်းအရွှေ့လုပ်ထားတာတို့ ကိုတောင်မှ သူကသိနေတယ်လို့ဆိုပါတယ်။

ကျွန်တော်တို့ ဟာ နည်းပညာတီထွင်မှုနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှု ဆိုတဲ့ လမ်းဆုံလမ်းခွကိုရောက်နေပါပြီ။ 

တီထွင်မှုတွေနောက်လိုက်ပြီး ကိုယ်ရေးကိုယ်တာလုံခြုံမှု နဲ့လမ်းခွဲလိုက်တော့မလား။ 

ခုချိန်ထိ AI ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုချိုးဖောက်နိုင်စွမ်းကို တာဆီးနိုင်မယ့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ တိတိကျကျထွက်ပေါ်မလာသေးပါဘူး။ အစိုးရတွေကလည်းမလုပ်နိုင်သေးသလို ကူညီနိုင်မယ့် တတိယ အဖွဲ့အစည်းလည်း မတွေ့သေးပါဘူး။

AI ရဲ့ တိုးတက်မှု နှုန်းကို နည်းဥပဒေရေးဆွဲသူ တွေကအမှီမလိုက်နိုင်သေးသ၍ ကျွန်တော်တို့ ဟာ အကာအကွယ်မဲ့နေဦးမှာဖြစ်ပါတယ်။

နောက်ဆုံးတော့  ဒီဥပဒေတွေ ပေါ်ထွက်လာဖို့ AI ကို ပြန်ပြီး အကူအညီတောင်းရမလို ဖြစ်နေပါပြီ။