AI က လုပ်ငန်းခွင်မှာ ကိုယ့်ကိုအစားထိုးသွားနိုင်သလား


တချို့ကပြောကြတယ်။ နောက်ဆယ်နှစ်အတွင်း ခင်ဗျားအလုပ်ကို  AI အစားထိုးသွားဖို့မဖြစ်နိုင်ပါဘူးတဲ့။ တချို့ကကြ ဒီလိုဖွံဖြိုးဆဲ(ဖွံဖြိုးမှုနောက်ကျတဲ့) နိုင်ငံတွေမှာခင်ဗျားတသက်တော့ ဖြစ်လာမှာမဟုတ်ပါဘူးတဲ့။ 

ဒီအဆိုတွေက မှားတယ်လို့မဆိုနိုင်ပေမယ့် မှန်တယ်လို့ပြောလို့မရပါဘူး။ 

နံပါတ်တစ်အချက်က AI ရဲ့ တိုးတက်မှုနှုန်းက အလွန်မြန်ဆန်ပြီး သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းက ဒီနေ့နဲ့ မနက်ဖြန်တောင် မတူတော့ပါဘူး။

နံပါတ်နှစ်အချက်၊ အင်တာနက်ခေတ်မှာ ဒစ်ဂျစ်တယ်နည်းပညာသစ်တစ်ခုဟာ နယ်မြေကန့်သတ်မှုတွေကို ကျော်လွှားပြီလူတစ်ဦးတစ်ယောက်ချင်းဆီကိုအလျှင်အမြန်ရောက်လာနိုင်ပါတယ်။ အင်တာနက်သာရှိ၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို ဒီနည်းပညာသစ်ကို သုံးစွဲနိုင်ပါတယ်။

နံပါတ်သုံးကတော့ အလုပ်သဘောသဘာဝနဲ့ ဆိုင်ပါတယ်။ တချို့ အလုပ်တွေကို AI နဲ့ အစားထိုးလို့ရပေမယ့်တချို့ အလုပ်တွေကိုတော့ အစားထိုးဖို့ မလွယ်သေးပါဘူး။

ဒီအချိန်မှာ AI က ကိုယ့်ကိုအစားထိုးသွားနိုင်သလား ဆိုတဲ့ မေးခွန်းအတွက် အကောင်းဆုံးအဖြေကတော့

“AI က မင်းကိုအစားမထိုးနိုင်သေးပေမယ့် AI ကျွမ်းကျင်သူက မင်းနေရာကို အစားဝင်လာဖို့ သိပ်မဝေးတော့ဘူး” ဆိုတာပါပဲ။ ဒါကို YouTube video  တစ်ခုမှာကြားဖူးသလို NVIDIA ရဲ့ CEO Jensen Huang ကလည်းပြောထားပါတယ်။ ဘယ်သူ စ ပြောတာလည်းတော့ မသိပါဘူး။ 

“Anybody worried about AI taking their job should probably worry more about someone who knows how to use AI taking their job.” – Jensen Huang

ဥပမာပေးရယင်

ပညာရှင်လေးယောက် တစ်ပတ်လောက်လုပ်ရတဲ့ Project တစ်ခုကို AI နဲ့ ပညာရှင်တစ်ယောက်ပေါင်းပြီး သုံးရက်နဲ့ပြီးတယ်ဆိုပါတော့။ လုပ်ငန်းရှင်ဟာ ကျန်သုံးယောက်ကိုလျှော့ပြီး AI နဲ့  AI ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ကိုပဲခန့်ထားဖို့ဆုံးဖြတ်လာပါလိမ့်မယ်။

ဆိုတော့ ဒီဘက်ခေတ်မှာ AI ဟာ လူတိုင်းလေ့လာရမယ့် နည်းပညာတစ်ရပ်ဖြစ်လာပါပြီ။  AI အကူအညီနဲ့ ကိုယ့်ရဲ့ အလုပ်တွေကို ဘယ်လိုမြန်ဆန်ပြီးမြောက်အောင် ဆောင်ရွက်ရမလဲ ဆိုတာလေ့လာရမယ့် အချိန်ရောက်ပါပြီ။ Social media မှာ မဆုံးနိုင်တဲ့ ဟာသ video တွေ ရန်ဖြစ်နေတာတွေ အတင်းပြောနေတာတွေ တစ်ခုပြီးတစ်ခု ကြည့်နေမယ့်အစား ChatGPT, DeepSeek, Claude, Gemini, Perplexity စတဲ့ AI တွေကို install လုပ်ပြီး စမ်းကြည့်ပါ။ ဘယ်ကစရမှန်းမသိယင် OpenAI Academy ကို join ပြီး ခုပဲလေ့လာလိုက်ပါ။ https://academy.openai.com/home