ရှာဖွေကယ်ဆယ်ရေးသုံးCyborg ပိုးဟပ် များ


မတ်လ ၂၈ ရက်နေ့ ကမြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိတဲ့ ငလျှင်ဒဏ်ကြောင့် စစ်ကိုင်း မန္တလေးကဲ့သို့မြို့ကြီးများ အထိနာခဲ့ရပြီးအဆောက်အဦးလူနေအိမ်များပြိုကျကာ ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ ဆေးကုသရေးအတွက် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ရာ စင်္ကာပူနိုင်ငံကလည်း “Operation Lionheart” ဆိုပြီး ပါဝင်ခဲ့ပါတယ်။ ထူးထူးခြားခြားအနေနဲ့ စင်္ကာပူကယ်ဆယ်ရေးအဖွဲ့ ဟာ အပျက်အစီးများအောက်မှာပိတ်မိနေသူများကို ရှာဖွေဖို့ Cyborg ပိုးဟပ် များကိုပထမဆုံး စမ်းသပ်အသုံးပြုခဲ့ပါတယ်။ 

Cyborg ပိုးဟပ်ဟာ တကယ့်သက်ရှိ ပိုးဟပ်တစ်ကောင်ပါ။ သူ့ရဲ့ နောက်ကျောပေါ်မှာ ပေါ့ပါးသေးငယ်တဲ့ အနီအောက်ရောင်ခြည်ကင်မရာ၊ ဘက်ထရီ၊ ဆက်သွယ်ရေးအတွက် အင်တာနာ၊ လျှပ်စစ်ဆားကစ်အစိတ်အပိုင်းတွေနဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားပြီးသူတို့ရဲ့ လှုပ်ရှားမှုတွေကို အဝေးကနေ ထိန်းချုပ်နိုင်၊ ခိုင်းစေနိုင်ပါတယ်။ ဒီနည်းနဲ့ အင်းဆက်အကောင်လေးတွေကို အီလက်ထရောနစ် အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ပြီး သက်ရှိစက်ရုပ်များ အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။

Cyborg ပိုးဟပ်တီထွင်မှုကို စင်္ကာပူ နန်ယန်းနည်းပညာတက္ကသိုလ် (NTU) ရဲ့ စက်မှုနှင့် အာကာသအင်ဂျင်နီယာကျောင်းမှ ပါမောက္ခ ဟီရိုတာကာ ဆာတို (Professor Hirotaka Sato) က စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဆိုက်ဘော့အင်းဆက်တစ်ကောင်ကို လိုသလို ထိန်းချုပ်နိုင်ကြောင်း ပထမဆုံး သရုပ်ပြခဲ့ပါတယ်။ ဒီ Cyborg ပိုဟပ်ဟာ TIME မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ် အကောင်းဆုံးတီထွင်မှု ၅၀ စာရင်းမှာပါဝင်ခဲ့သလို  MIT နည်းပညာသုံးသပ်ချက်(MIT Technology Review) ရဲ့  ၂၀၀၉ ခုနှစ် ထွန်းသစ်စနည်းပညာ (Emerging Technologies) ၁၀ ခုမှာလည်း ပါဝင်ခဲ့ပြီး ကမ္ဘာ့အသိအမှတ်ပြုမှု ကိုလက်ခံ ရရှိခဲ့ပါတယ်။

Cyborg မှာ သုံးထားတဲ့ ပိုးဟပ်မျိုး စိတ်ကတော့ Madagascar hissing cockroach ဖြစ်ပြီး အရွယ်အစားအားဖြင့် ၂ လက်မကနေ ၃ လက်မခန့်အထိ ရှိကြပါတယ်။ အိမ်တွေမှာတွေ့ရတတ်တဲ့ ပိုးဟပ်တွေလို အတောင်ပံမပါပေမယ့် တွယ်ကပ်တက်တဲ့နေရာမှာတော့ အင်မတန် ကျွမ်းကျင်တဲ့ အကောင်လေးတွေပါ။ မှန်လိုချောမွေ့နေတဲ့ မျက်နှာပြင်မှာတောင် အေးအေးဆေးဆေးတွယ်ကပ်သွားနိုင်ပါတယ်။ သစ်ဆွေးတွေထဲမှာ နေလေ့ရှိပြီး တစ်ချို့ က အိမ်မှာ အလှမွေးမြူလေ့ရှိပါတယ်။ 

ဒီ Cyborg ပိုးဟပ်လေးတွေ ကိုယ်လိုရာ ဦးတည်ပြီးသွားစေဖို့ကိုတော့ ကျောပေါ်မှာတပ်ဆင်ထားတဲ့ ဆားကစ်ကနေ လျှပ်စစ်စွမ်းအင်ပျော့ထုတ်လွှတ်ပြီး လှုံ့ဆော်တဲ့ စနစ်ကိုသုံးပါတယ်။ 

သူတို့ဟာ အစုအဖွဲ့ လိုက် အလုပ်လုပ်ကြပါတယ်။ ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်ကနေ ပိုးဟပ်တစ်ကောင်ကို ခေါင်းဆောင် (tour leader) အဖြစ်သတ်မှတ်လိုက်ပြီး သွားရမယ် နေရာကိုညွှန်ကြားလိုက်ပါတယ်။ ဒီခေါင်းဆောင်ပိုးဟပ်ရဲ့ကွန်ပျူတာစနစ်က အခြားပိုးဟပ်ကလေးတွေရဲ့ ကွန်ပျူတာစနစ်ကို ချိတ်ဆက်ညွှန်ကြား ပြီး သူတို့တွေအားလုံးဟာ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ကြပါတယ်။ Machine learning စနစ်ကိုသုံးပြီး လမ်းတလျောက်မှာ တွေ့ရတဲ့ အတားအဆီးတွေ နဲ့ တွေ့ရှိမှုတွေကို တစ်ဦးနဲ့တစ်ဦး သတင်းဖလှယ်ကြပါတယ်။

အယင်ကသုံးနေကျ Robot ကားတွေထက်သူတို့မှာအားသာချက်တွေရှိပါတယ်။

ပထမတစ်ခု ကတော့ ရွေ့လျှားမှုအတွက်  ပိုးဟပ်ကလေးရဲ့ လုပ်အားကိုအသုံးပြုတဲ့အတွက် စက်ရုပ်ကားတွေလို မော်တာတပ်ဆင်ထားစရာမလိုပါဘူး။ ဒါ့ကြောင့်ဘက်ထရီအားကိုခြွေတာပြီးသားဖြစ်သွားပါတယ်။ 

ပြီးတော့ အရွယ်အစားသေးငယ်တဲ့အတွက့် ကျဉ်းမြောင်းတဲ့ ချောင်ကြိုချောင်ကြားလေးတွေထဲ ဝင်ရောက်ထောက်လှမ်းနိုင်ပါတယ်။ လမ်းကြောင်းသီးသန်းရှာစရာ မလိုပဲ မျက်နှာပြင်အမျိုးမျိုးပေါ်မှာ သွားလာနိုင်ပါတယ်။ 

ကြိုးမဲ့ဆက်သွယ်ရေးစနစ် နဲ့ AI စွမ်းအား ကိုအသုံးပြုပြီး အချင်းချင်းဆက်သွယ်ကာ အစုအဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

ဒီ Cyborg ပိုးဟပ်ကလေးတွေကို စစ်ကိုင်းငလျှင်ကယ်ဆယ်ရှာဖွေရေးမှာ ပထမဆုံးစတင်အသုံးပြုတာဖြစ်တဲ့အတွက် သူတို့ ရဲ့လုပ်ဆောင်နိုင်စွမ်းကို ထင်ထင်ရှားရှားသတင်းထုတ်ပြန်တာမျိုးမတွေ့ရပေမယ့် နည်းပညာလောကမှာတော့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ အနာဂတ်ရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာတော့ ဒီ Cyborg အင်းဆက်လေးတွေဟာ ကျယ်ပြန့်စွာပါဝင်လာပြီးလူသားတွေကို ပိုမိုထိရောက်စွာကူညီလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

Ref: straitstimes.com, eurekalert.org, wikipedia.org